ငပုတောမြို့နယ် Quarantine Camp တစ်ခုတွင် ကျူးကျော် ဝင်ရောက်လာသူ တစ်ဦးက တာဝန်အရ တားမြစ်သူတစ်ဦးကို ကတ်ကြေးဖြင့် ထိုးမှုဖြစ်ပွား
ငပုတောမြို့နယ် စဉ့်အိုးဖို အခြေခံပညာ မူလတန်းကျောင်း Quarantine Camp ၌ မေ ၃ ရက် နံနက် ၈ နာရီခန့်တွင် Quarantine Camp အတွင်း ဝင်ရောက်သည်ကို တားမြစ်သည်ဟုဆိုကာ အမျိုးသားတစ်ဦးက တာဝန်ကျနေသော ကျောင်းအထွေထွေလုပ်သားအား အသင့်ပါလာသည့် ကတ်ကြေးဖြင့် ထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် စဉ့်အိုးဖို အခြေခံပညာမူလတန်းကျောင်း Quarantine Camp နေရာတွင် ကျောင်းလုပ်သားဖြစ်သူ ဦးရန်နိုင်စိုး ခေါ် ဦးမဲကြီးမှာ အခြားသော တာဝန်ကျနေသူ သုံးဦးနှင့်အတူ Quarantine Camp အတွင်းရှိ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရန် စောင့်ကြည့်နေရသူများကို စောင့်ဆိုင်းလျက်ရှိစဉ် အဆိုပါကျောင်းအနီး နေထိုင်လျက်ရှိသော ဦးအောင်လွင် ခေါ် ဦးမင်းမင်း
ဆိုCamp နေရာသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းကဲ့သို့ ဝင်ရောက်လာပြီးနောက် Quarantine Camp အတွင်း ကျန်းမာရေးအရ စောင့်ကြည့်မှု ခံယူလျက်ရှိသည့်သူများနှင့် အနီးကပ်စကားပြောရန် ကြိုးစားခဲ့ကြောင်း၊ ထိုသို့ ကြိုးစားမှုကို တာဝန်ကျနေသည့်အဖွဲ့မှ ဦးရန်နိုင်စိုးက တားမြစ်ခဲ့သည်ကို ဦးမင်းမင်းက အသင့်ပါလာသော ကတ်ကြေးဖြင့် ဦးရန်နိုင်စိုးအား ထိုးသွင်းခဲ့သောကြောင့် ဦးရန်နိုင်စိုးမှာ ငပုတော ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်း သိရ သည်။
ဒီနေ့မှာတော့ မနက် ၈ နာရီလောက်မှာ ဘာဖြစ်လဲဆိုတော့ မူးယစ်သောက်စားပြီး Quarantine နေရာထဲအထိ ဝင်လာတယ်။ ဝင်လာတော့ ဦးရန်နိုင်စိုးနဲ့ တာဝန်ကျနေသူ သုံးဦးက စုစုပေါင်း လေးဦးပေါ့။ အားလုံးက ၀ိုင်းတားတယ်။ တားလျက်သားနဲ့ ဦးမင်းမင်း က နားမထောင်ဘဲနဲ့ Quarantine နေရာထဲကို ဝင်တဲ့အပြင် Quarantine နေရာထဲမှာရှိတဲ့ စာသင်ကျောင်းအခန်းထဲမှာရှိတဲ့ Quarantine နေသူနဲ့ပါ စကားပြောဖို့ ဆက်ဝင်တယ်။ ဆက်ဝင်တဲ့ အခါကျတော့ ဦးရန်နိုင်စိုးက Mask လည်း တပ်မထားဘူး။ လက်ဆေးထားတာလည်း မလုပ်တဲ့အပြင် စောင့်ကြည့်နေသူနဲ့ အနီးကပ်စကားပြောဖို့ သွားတာကို တားတဲ့အခါကျတော့ အချေအတင် စကားများကြတယ်။ အဲဒီနောက် ဦးမင်းမင်း က အကျႌအောက်မှာ အသင့်ပါလာတဲ့ ကတ်ကြေးနဲ့ ဦးရန်နိုင်စိုးကို ကတ်ကြေးနဲ့ ထိုးတယ်။
အဲဒီတော့ ယာဘက်နံကြား ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲဘက် လက်မောင်းမှာ ပြတ်ရှ ဒဏ်ရာ တစ်ချက်၊ လဲကျသွားချိန်မှာ ယာတင်ပါးမှာ ပွန်းပဲ့ဒဏ်ရာ တစ်ချက်ရပြီးတော့ ငပုတောမြို့နယ် ခုတင် ၅၀ အထွေထွေဆေးရုံကြီးမှာ ကျွန်တော်တို့ လက်ရှိအချိန်အထိ ဆေးကုသမှု ခံယူနေရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဦးရန်နိုင်စိုးရဲ့ အစ်ကိုဖြစ်သူက အမှုတိုင်ကြားတော့ စခန်းမှူးက ၃၂၆ နဲ့ အမှုဖွင့်ထားတယ်၊ ဒါပေမဲ့ မြို့နယ် COVID ကော်မတီကတော့ ဘာမှအရေးယူ ဆောင်ရွက်ထားတာတော့ မရှိဘူးခင်ဗျ” ဟု ဒဏ်ရာရရှိခဲ့သူ ဦးရန်နိုင်စိုးအား လိုက်လံကူညီပေးနေသည့် ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးဇာနည်ထိုက်က ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ငပုတောမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ငပုတောမြို့မရဲစခန်းက ဦးမင်းမင်း (ခ) ဦးအောင်လွင်ကို (ပ) ၁၇၃/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

